Tuesday, 27 November 2018

အလုံးကြီးဖရဲ စိုက်ပျိုးနည်း နှင့် ပြုစုပျိုးထောင်နည်း

" အလုံးကြီးဖရဲ စိုက်ပျိုးနည်း နှင့် ပြုစုပျိုးထောင်နည်း "

“ ကြိုတင်ပြင်ဆင်ခြင်း”
(၁) ရေကျသွားသော မြစ်ချောင်းသောင်နုများ၊ ကိုင်းကျွန်းမြေများ၊ သဲနုံးဆန်သော စပါးအပြီးလယ်မြေများတွင် လျာထားပါ။
(၂) နေရောင်ကောင်းစွာ ရရှိသော နေရာဖြစ်ရမည်။
(၃)မြေချဉ်ငံကိန်း pH ၆ မှ ၇ အတွင်းရှိမရှိစစ်ဆေးပါ။ အထက်ပါမြေများသည် pH နိမ့်ပြီးမြေချဉ်နေတက်သည်။
(၄) အခါမဲ့ မိုးရွာသွန်းလျှင်ရေလွယ်ကူစွာ ထုတ်ပစ်နိုင်ရန် စီစဉ်ထားရပါမည်။
(၅) အောင်ရေ သေချာအောင် အောက်တိုဘာနှင့် နိုဝင်ဘာ လလယ်အတွင်းအပြီးစိုက်ပျိုးနိုင်လျှင်ရင်းနှီးမြုတ်နှံစရိတ်သက်သာသော ဖုတ်(ဖုန်) သီးကိုရရှိနိုင်ပြီး အချိုဓာတ်ပိုစေပါသည်။နောက်ကျပါက ရေသွင်းရပါမည်။

(၆) မျိုးစေ့ကိုအာမခံနိုင်သော အရောင်းကိုယ်စားလှယ်များထံမှသာ ဝယ်ယူပါ။
“ ပျိုးထောင်ခြင်း “
(၁) ၄”× ၆” အရွယ်ပျိုးအိတ် တစ်ဧကစာအတွက် (၂၅၀၀) ခန့်လိုအပ်ပါသည်။
(၂) ပျိုးအိတ်တွင်ဖြည့်သွင်းရန် အတွက် စပ်မြေကို မြေဆွေး(၁)ဆ ၊ပြာမျိုးစုံ(၁)ဆ၊ နွား/ကြက်ချေးဆွေး(၁)ဆ၊ သဲ(၁)ဆနှင့် စိုက်ခင်းမြေ(၂)ဆ ကို သမအောင်ရောစပ်ပါ။
(၃) ယင်းတွင် ပျိုးအိတ်(၁၀၀)လျှင် နေရွက်လှေ ၁၅:၁၅:၁၅ ကွန်ပလက်ဓါတ်မြေသြဇာ(၂)ပိသာ၊ မဖောက်ထုံး (၁)ပိသာ၊အမ်-ဖြူရန်(၃၀)ကျပ်သားထပ်မံရောစပ်ပြီး ရေအနည်းငယ်ဆွတ်ကာ တာပေါ်လင်ဖြင့် အုပ်ပြီး တစ်ညနှပ်ထားပါ။ နောက်နေ့တွင်အိတ်သွတ် အိတ်စီကာ ရေလောင်း၍ မြေသိပ်စေပါ။ ရေအလွန်အကျွံမလောင်းရပါ။ ကိုင်တွယ်လျှင် လက်အိတ်အသုံးပြုပါ။
(၄) မျိုးထုပ်များကို အလင်းရောင်ရသော အမိုးအကာအောက်တွင်ထားပါ။
(၅) မျိုးစေ့ ကို အထုပ် မှ ဖောက်ယူပြီး နောက် နေတစ်ရက်ပြပါ။ထို့နောက်ရေ(၁)ဂါလံ တွင်ဖူဂျီဝမ်း မှိုသန့်စင်ဆေး ရောစပ်ကာ မျိုးစေ့များထည့်ပြီး (၄)နာရီ ကြာရေစိမ်ပါ။
(၆) တိုက်ရိုက်မျိုးချလိုပါက တစ်ထုပ်လျှင် မျိုး (၂)စေ့နှုန်း လက်မဝက်ခန့် မြေမျြုပ် မျိုးထည့်ပါ။
(၇) အညှောက်ဖေါက်လိုပါ က ရေစိမ်ပြီးမျိုးစေ့များ ကို အပ်နှင့်ဖောက်ထားသော ပလပ်စတစ်အိတ် အတွင်းထည့်ပါ။
(၈) ယင်းကိုမျက်နှာသုတ် ပုဝါ ဖြင့် ထုပ်ပြီး ဇောက်အနက် ၂’ ရှိ ကတ်ထူပုံး (သို့မဟုတ်) ထင်းရှူးပုံးတွင့်ထည့်ကာ သတင်းစာတစ်ရွက်ဖြင့် ကာကွယ်ပါ။
(၉) ယင်းအပေါ် ၁ ၁/၂’ အကွာတွင် ၄၀ မှ ၆၀ ဝပ်အားရှိ မီးသီးဖြင့် (၂၄)နာရီ အပူပေးပါ။ ပတ်ဝန်းကျင် အပူချိန်မြင့် လျှင် ဝပ်အားလျှော့ပါ။(၃၆) နာရီ မှ (၄၈) နာရီအတွင်း အညှောက်ပေါက်နိုင်သည်။
(၁၀) အညှောက်ပါ မျိုးစေ့ကို ပျိုးထုပ်တွင် လက်မဝက်ခန့်မြှုတ်ပါ။အညှောက်ကို အောက်ဖက်တွင်ထားပါ။
(၁၁) မျိုးချပြီး တစ်ပတ်အတွင်း အပေါက်သေးရေပန်းခယားနှင့် သာလောင်းပါ။ ရေကိုပျိုးထုပ်အောက်မှ ယိုကျရုံသာလောင်းပါ။ ရေနှင့် အခြားထိခိုက်မှုများကြောင့် အမြစ်ကျွတ်မထွက်ရန် သတိပြုပါ။
(၁၂) ပျိုးထုပ်အတွင်း (၁၄) ရက်မှ (၁၈) ရက် တွင် ရွက်စစ်ထွက်လာမည်ဖြစ်ပြီး စိုက်ခင်းသို့ပြောင်းရွှေ့မြေချစိုက်ပျိုးနိုင်ပါသည်။
“စိုက်ခင်းမြေုပုပြင်ခြင်း”
(၁) စိုက်ပျိုးမည့် မြေ ကို သုံးသွားထယ် (၂)စပ်၊ (၁၆)သွားထွန် (၂)စပ် ဝင်ပြီးနောက် ပေါင်းမြက်နှင့် အမှိုက်သရိုက်များ ကိုဖယ်ရှားသန့်စင်ပါ။
(၂) စိုက်ပျိုးမြေ ၄’ နှင့် ကိုင်းလျှောက်ဇုံ ၁၂’ စီ တိုင်းတာဖော်ထုတ်ပါ။
(၃) စိုက်ပျိုးမြေ ၄’ တွင် တစ်ဧကကြက်/နွား ချေးဆွေး ထော်လာဂျီ (၂၀)စီး ၊စက်ဖွဲပြာ (၂၀)စီး၊ မဖောက်ထုံး (၉၀)ပိသာ၊ အမ်-ဖြူရန်(၈)ထုပ်၊ နေရွက်လှေ ၁၅:၁၅:၁၅ ကွန်ပလက် အိတ်ကြီး (၂)အိတ်၊ ယူရီးယား (၁)အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက် (၁)အိတ် ဖြည့်သွင်းပြီး မြေနှင့်သမအောင် လက်တွန်းထွန်စက်၊ (၅) သွားထွန်များဖြင့် မွှေပေးပါ။
(၄) မြေသြဇာဖြည့်သွင်းပြီး စိုက်ပျိုးမြေ ၄’ တွင် ၁ ၁/၂’ အကျယ် စိုက်ပေါင် (၂)ခုအား ကြား ၁’ ထား၍ ဖော်ထုတ်မြှင့်တင်ပါ။ ၁’ မြောင်းသည် V ပုံသဏ္ဍာန်ရှိရမည်။ ရေသွင်းရေထုတ်ရန် နှင့် မြေသြဇာကြွေးရန်ဖြစ်ပါသည်။
(၅) စိုက်ပေါင်များအားအချောသတ် မြှင့်တင်ပြုပြင်ပြီး နောက်ရေသွင်းရေဖြန်းကာ တစ်ညနှပ်ထားပါ။
(၆) စိုက်ပေါင် များအား ပျိုးဘောင်ကာများဖြင့် အုပ်ကာပေးပါ။အဖြူရောင် ကို အပေါ်ဖက်မှ ထားပါ။ ပျိုးဘောင်ကာများ တွင် ၂ ၁/၂’ လျှင် ၆” အကျယ် အပေါက်တစ်ပေါက်စီ ဖောက်ရမည်။ ပျိုးပင်များ မြေချစိုက်ပျိုးရန်ဖြစ်ပါသည်။
(၇) ယင်းစနစ်အတိုင်းစိုက်ပျိုးပါ က တစ်ဧကအပင်ဝင် (၂၁၅၀) ရရှိနိုင်သည်။
“ မြေချစိုက်ပျိုးခြင်း”
(၁) ပျိုးဘောင်ကာ အပေါက်များ တွင် ၆” အကျယ် ၆” အနက် စိုက်ကျင်းများ ဖော်ပါ။
(၂) ပျိုးထုပ် ကို မြေလုံးမပျက် ပလပ်စတစ် ခွာပြီး စိုက်ကျင်း အတွင်းမြေချပါ။
(၃) မတော်တစ်ဆ မြေလုံးကွဲသွားပါက စိုက်ကျင်းအတွင်း အမြစ်ကို အနေအထား မပျက်အောင် စိုက်ခင်းမြေသားဖြင့် အသာအယာခုခံပေးပါ။
(၄) မြေလုံးပတ်ဝန်းကျင် ကို စိုက်ခင်းမြေသား ပြန်ဖို့ပြီးဖိသိပ်ပေးပါ။
(၅) ဖိသိပ်ရာတွင် မြေလုံးနှင့် အမြစ်အား မထိခိုက်အောင်ရှောင်ရှားပါ။
(၆) ပျိုးပင်မြေချပြီးနောက် ပိုနေသော စိုက်ခင်းမြေသားကို ပျိုးဘောင် ကာအောက် ပြန့်နှံအောင် ပြန်လည်သွတ်သွင်းပေးပါ။
(၇) မြေချစိုက်ပျိုး မှုကို နေအေးချိန်တွင် ဆောင်ရွက်ပါ။
(၈) စိုက်ပျိုးစဉ်မြေလုံး ကွဲသွားသော အပင်များ အား ရေ(၁)ဂါလံ လစ်တိုဇင် လဘက်စား ဇွန်း (၁)ဇွန်း နှုန်းရောစပ် ပြီး အမြစ်ဇုံတစ်ဝိုက် စိုရုံလောင်းပေးပါ။
(၉) အစိုဓါတ်အခြေအနေအရ ရေသွင်း၊ ရေဖြန်းခြင်းကို စိုက်ပြီး (၅)ရက်ကြာမှ ဆောင်ရွက်ပါ။
(၁၀) ပိုသောပျိုးပင်များ ကို ဖာထေးရန် ဆက်လက်ပြုစုထားပါ။
ပြုစုထိန်းသိမ်းခြင်း (အပင်ကြီးထွားချိန်)(၁) စိုက်ပြီးတစ်ပတ်သားမှ စ၍ ဟိုက်ပါဂရိုး (၃၀:၁၀:၁၀) ကြီးထွားမြန် ရွက်ဖြန်းမြောသြဇာ ကို တစ်ပတ်မှ (၁၀)ရက် ခြားတစ်ခါ ပုံမှန်ပက်ဖြန်းပေးပါ။ အပင်ငယ်စဉ် တစ်ဧက ၂၀၀ ဂရမ် ၊ရေ ၂၀ ဂါလံ စတင်ရောစပ်ပက်ဖြန်းပြီး တစ်ကြိမ်လျှင် ၁၀၀ဂရမ် စီတိုးသွားပါ။ ပန်းမပွင့်မီ အနည်းဆုံး လေုးကြိမ်ရအောင် ဖြန်းပါ။
ပြုစုထိန်းသိမ်းခြင်း (အပင်ကြီးထွားချိန်)
(၁) စိုက်ပြီးတစ်ပတ်သားမှ စ၍ ဟိုက်ပါဂရိုး (၃၀:၁၀:၁၀) ကြီးထွားမြန် ရွက်ဖြန်းမြောသြဇာ ကို တစ်ပတ်မှ (၁၀)ရက် ခြားတစ်ခါပုံမှန်ပက်ဖြန်းပေးပါ။ အပင်ငယ်စဉ် တစ်ဧက ၂၀၀ ဂရမ် ၊ရေ ၂၀ ဂါလံ စတင်ရောစပ်ပက်ဖြန်းပြီး တစ်ကြိမ်လျှင် ၁၀၀ဂရမ် စီ တိုးသွားပါ။ ပန်းမပွင့် မီ အနည်းဆုံး လေုးကြိမ်ရအောင် ဖြန်းပါ။
(၂) စိုက်ပြီး (၁၄)ရက်သားတွင် ပိုးမွှားကာကွယ်ရန် အမ်-ဒိုင်မီ (သို့) အမ်-ဖိတ် ဆေးတစ်မျိုးမျိုးအား တစ်ဧက ၄၀၀ စီစီ (သို့) ၄၀၀ ဂရမ် ကို ရေဂါလံ (၂၀)ဖြင့် ရောစပ်ပက်ဖြန်းကာကွယ်ပါ။
(၃) စိုက်ပြီး (၁၀)ရက်သားတွင် ရောဂါကာကွယ်ရန် အမ်-ဒါဇင်(သို့) အမ်-မီသိုမော့ ဆေးတစ်မျိုးမျိုးအား တစ်ဧက ၄၀၀ စီစီ (သို့) ၂၀၀ ဂရမ် ကိုရေဂါလံ ၂၀ ဖြင့် ရောစပ်ပက်ဖြန်းကာကွယ်ပါ။
(၄) ပိုးရောဂါသတ်ဆေးများ ကို အလီလီ မပက်ဖြန်းပါနှင့်။ အမြဲစစ်ဆေးပြီး လိုအပ်မှ သာ ထပ်မံသုံးစွဲပါ။
(၅) အပင်များ နှာမောင်းလှမ်းပြီး ၁ ၁/၂’ ရှိချိန်တွင်ကိုင်းလျှောက်ဇုံ ၁၂’အားကောက်ရိုးသက်ငယ်၊ဒိုက်နှင့်ကိုင်းခြောက်များခင်းပေးပါ။
(၆) မိုးအုံဆိုင်းချိန် များ ပါက ကြားအဆစ် များ ရှည်တတ်ပါသည်။တုန့်နှေး ဟိုမုန်းသုံးစွဲရပါမည်။ ရွက်ဖြန်းမြေသြဇာပက်ဖြန်းမှု ခေတ္တရပ်နားရပါမည်။
(၇) ပင်မကိုင်းကို အဆစ်နှင့် အရွက် ၂၂ မှ ၂၄ စုံ အထိ ရရှိရန် အဓိ က မွေးမြူပါ။ ပေါ်လာတက်သည့်ကြားဖူးကြားကိုင်းနုများကိုညှပ်ချွေပြီး ခေါင်ညွန့်သာတက်စေပါ။
(၈) လိုအပ်သော အရွက် အဆစ်ဦးရေရရှိပါ က ခေါင်ညွန့်ကို ဖြတ်နှိမ်ပေးပါ။
(၉) စိုက်ပြီး (၃၅-၄၀) ရက်သားတွင် ပန်းစတင်ပွင့် ပါမည်။ အပင်အရင်းဆုံမှ ပထမဆုံးပွင့်သော ပန်းကို ညှပ်ခြွေပစ်ပါ။
(၁၀) ပင်မကိုင်းများ အချင်းချင်းထပ်မနေအောင် ပြန်လည်နေရာချထားပါ။
(၁၁) ခြ၊ ဖိုးလမင်းကျိုင်း၊ ပုရစ်များ ကို ကိုင်းလျှောက်ဇုံ အတွင်းရှာဖွေနှိမ် နှင်းပါ။
(၁၂) စိုက်ပြီး(၁၀)ရက် အတွင်း အပင်သေများကို စစ်ဆေးဖာထေးပါ။
သီးညှပ်ပယ်ခြင်း၊ အသီးဖမ်းခြင်း၊ အောင်သီးမွေးမြူခြင်း၊ အလေးချိန်တိုးမြှင့်ပေးခြင်၊ အသားစိုးရွှမ်းစေခြင်း၊ ချိုမြစေခြင်း တို့ အတွက် ဆောင်ရွက်ရန်များ ကို လုပ်ငန်းချိန်အမှီဆက်လက်တင်ပြပါမည်။

မာလာမြိုင်ကုမ္ပဏီလီမိတက်

No comments:

Post a Comment